ဘာလို့ ခါးဆစ်ရိုးကျွံတာလဲ
လူတွေပြောပြောနေကျ ခါးဆစ်ရိုးကျွံတယ်ဆိုတဲ့ ကျန်းမာရေးပြဿနာကို ဆေးပညာမှာတော့ Herniated Disk လို့ ခေါ်ဆိုပါတယ်။ ခါးဆစ်ရိုးက ကျွံပြီး နေရာလွဲသွားတာ၊ အဲဒီကနေမှ ကျောရိုးမကြီးနဲ့ ကျောရိုးနဲ့ဆက်စပ် အာရုံကြောများကို ဖိညှပ်လိုက်သလို ဖြစ်တဲ့ အခြေအနေပါ။
လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းအရွယ်တွေမှာ အဖြစ်များပြီး ရုတ်တရက်ဖြစ်သွားတာမျိုးလည်း ရှိသလို ရက်သတ္တပတ်ကနေ လပိုင်းအတွင်းမှာ ဖြည်းဖြည်းချင်း ကျွံလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ခုနောက်ပိုင်းမှာဆိုရင် လူငယ်တွေ၊ အထူးသဖြင့် မိန်းကလေးတွေမှာ ခါးဆစ်ရိုးကျွံတယ်ဆိုတဲ့ ပြဿနာပိုအဖြစ်များလာတာကို တွေ့ရပါတယ်။
ခါးဆစ်ရိုး (ဒါမှမဟုတ်) ကျောရိုးဆစ်ပြားတွေဆိုတာ ကျောရိုးတွေကြားမှာ တည်ရှိတဲ့အရာတွေပါ။ ခန္ဓါကိုယ်ကို ထောက်မပေးထားပြီး ပုံမှန် လုပ်ရှားမှုတွေ လုပ်ဆောင်နိုင်စေဖို့ ကူညီပေးပါတယ်။ ဒါပေမယ့် မူမမှန်ကိစ္စတွေ ဥပမာ အဆစ်ကျွံတာတွေဖြစ်မယ်ဆိုရင်တော့ ခွဲစိတ်မှုကလိုလာပါလိမ့်မယ်။
ကျောရိုးမကြီးရဲ့ အရိုးနုပြားက ပုံမှန်အခြေအနေကနေ ကျွံထွက်လာတဲ့အခါ အနီးအနားက အာရုံကြောတွေအပေါ် ဖိအားသက်ရောက်လာပြီး နောက်ကျော နာကျင်မှုနဲ့ ခြေထောက်နာကျင်မှုတွေ ကြုံလာရတော့တာပါပဲ။
ဒီလိုမျိုးဖြစ်စေရတဲ့အကြောင်းရင်းများစွာရှိပါတယ်။ အဓိကအားဖြင့်ကတော့
- အမြင့်တစ်နေရာမှာ ပြုတ်ကျမိပြီး တင်ပဆုံနဲ့ မြေကြီးဆောင့်မိခြင်း
- ကျောရိုးပေါ်ကို ပြင်းထန်တဲ့ အားတစ်ခုနဲ့ ဆောင့်မိခြင်း
- အလွန်လေးတဲ့ အရာဝတ္ထုတစ်ခုကို မလိုက်ခြင်း
- ခါးဆစ်မှာရှိတဲ့ ကြွက်သားမျှင်များ အားနည်းလာခြင်း
- ပုံစံမမှန်ဘဲ ခါးဆစ်ရိုးကို ကုန်းလိုက်၊ ကွေးလိုက်မိခြင်း စတာတွေကြောင့်ပါ။
ခါးဆစ်ရိုးကျွံခြင်းကြောင့် ကျောရိုးမကြီးမှာရှိတဲ့ အာရုံကြောတွေကို တိုက်ရိုက်ဖိအားသက်ရောက်စေနိုင်သလို ဓာတုဓာတ်ပြုပြီး အာရုံကြောများကို ရောင်ရမ်းသွားစေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ကတော့
- ခါး သို့မဟုတ် လည်ပင်းတဝိုက်မှာ နာကျင်မှုကို ခံစားရတာ
- ဆီး၊ ဝမ်းမထိန်းနိုင်တာ
- လိင်အင်္ဂါပတ်လည်မှာ ထုံကျဉ်နေတာ
- လက်မောင်း၊ ခြေထောက်တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးမှာ ထုံကျဉ်နေတာ
- ပုခုံး သို့မဟုတ် တင်ပါးအနောက်မှာ နာကျင်တာ
- လက်မောင်း၊ ခြေထောက်မှာ နာကျင်မှုဝေဒနာ ခံစားရတာ
- ကြွက်သားအားမရှိသလို ခံစားရတာတွေကို ကြုံရနိုင်ပါတယ်။
အကယ်လို့ အပေါ်မှာပြောထားတဲ့ လက္ခဏာတွေ ခံစားနေရတာ သို့မဟုတ် မတော်တဆထိခိုက်မှုကြောင့် ကျောရိုး၊ တင်ပဆုံရိုးကို ထိခိုက်မိခဲ့တယ်ဆိုရင် အရိုးအကြောကုဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။ အများစုသော အခြေအနေတွေမှာတော့ အနားယူတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဆေးဝါးကုသမှုခံယူတာတွေ အချိန်ယူပြုလုပ်ပေးရင် သက်သာသွားတာများပါတယ်။
များသောအားဖြင့် မပြင်းထန်တဲ့ ခါးဆစ်ရိုးကျွံခြင်းဟာ သူ့အလိုလို ပျောက်သွားတတ်ပြီး ၆-၈ ပတ်ထိ သို့မဟုတ် အဲဒီထက်လည်း ပိုကြာနိုင်ပါတယ်။ အဲဒီလိုမှ မပျောက်ဘူးဆိုရင် ဆရာဝန်နဲ့ ပြသပြီး ဖြစ်တဲ့အကြောင်းရင်းခံပေါ် မူတည်၍ သင့်တော်တဲ့ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
အောက်ပါအခြေအနေတွေကို ရင်ဆိုင်နေရရင်တော့ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။
- ရက်သတ္တအတန်ကြာတဲ့အထိ ပြင်းထန်တဲ့နာကျင်မှုဝေဒနာကို ခံစားနေရပြီး နေ့စဉ်ဘဝမှာ လုပ်ဆောင်နေကျ သာမန်ကိစ္စလေးတွေကိုတောင်မှ ဆက်လုပ်ဖို့ ခက်ခဲနေတယ်ဆိုရင်
- နေ့စဉ်လှုပ်ရှားသွားလာမှုတွေ ပြုလုပ်နိုင်စေဖို့ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေ သုံးနေရတယ်ဆိုရင်
- ခြေထောက်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အားနည်းတာ၊ ထုံကျဉ်တာတွေ အဆက်မပြတ်ခံစားနေရရင်
- ဆီးနဲ့ဝမ်း ထိမ်းချုပ်နိုင်စွမ်း ကင်းမဲ့လာနေပြီဆိုရင်
- ဆေးဝါးတွေနဲ့ကုသမှုပြုလုပ်ရာမှာ ထိရောက်မှု မရှိဖြစ်နေရင်
ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။ ခွဲစိတ်ကုသရာမှာတော့ ပထမတစ်ကြိမ် ခွဲစိတ်ကုသမှု လုပ်ဆောင်ပြီးရင်တောင်မှ အချို့သောအပိုဆောင်းခွဲစိတ်မှုတွေ ထပ်လုပ်ဖို့ လိုအပ်နိုင်တာမျိုးလည်း ရှိတတ်ပါတယ်။
တင်ထွန်းကျော် 02 Feb 2024 |
ဟုတ်ကဲ့ဗျ ကျနော်ရဲ့ဒဏ်ရာအစဆုံး ပြောပြပေးပါမယ်နော် ဖြစ်ပုံက 2022 Feb 10ရက်နေ့ညကျ ဖြစ်တာပါ တောင်ပပေါ်ကနေ လျောကျပြီး ဖြစ်သွားတာပါ ကျလာတဲ့အရှိန်က အတော်ပြင်းပါတယ် အောက်ရောက်တော့ အရှိန်မထိန်းနိုင်ပဲ အမှိုက်ကန်အသေးလေးကို ကျော်လိုက်တာပါ အဲ့မှာ အရှိန်နဲ့ ဘရိတ်နင်းလိုက်သလိုဖြစ်သွားပြီး ဘယ်ဘက်ခြေထောက် ခေါက်သွားပါတယ် အဲ့တာနဲ့ သာမာန်လေးဆိုပြီး ဆေးလိမ်းဆေးသာက်လုပ်ပါတယ် သုံးလေလအထိ ကြာလာတော့ မပျောက်ဖြစ်နေတာနဲ့ ရွာထဲကလူကြီးတွေနဲ့လည်း ပွဲပေးတာတွေလုပ်ပါတယ် အဲ့တာလည်း မပျောက်ပါဘူး အဲ့တာနဲ့ မဲဆောက်ကိုလာပြီး ကျောင်းသားဆေးခန်းမှာပြကြည့်တော့ သားခြေထောက်က ဘာမှမဖြစ်ဘူးတဲ့ သက်သာသွားမှာပါတဲ့ ဆေးခန်းပြပြီးသိပ်မကြာဘူး ဖြစ်တဲ့ဘယ်ဘက်ခြေထောက်က သိမ်သွားပါတယ် ပြီးတော့ ခြေကျင်းဝတ်ပတ်ချာလည်က လှုပ်ရှားမှူမရှိရင် ထုံကျင်ကိုက်ခဲအမြဲဖြစ်ပါတယ် ဆေးခန်းပြပြီးသိပ်မကြာပြန်ပါဘူး ခါးကနာလာရော အဲ့တာနဲ့ ဆေးခန်းကိုပြန်သွားပြကြည့်တော့ အဲ့ဒီနေ့ပူဓာတ်မှန်ရိုက်ပါတယ် အဖြေထွက်လာတော့ ခါးရိုးနှစ်ပူးနေတယ်တဲ့ အဲ့တာတောင်ပေါ်က ကျလာတဲ့အရှိန်ကြောင့် ဖြစ်တာလို့ထင်ပါတယ် အဲ့တာနဲ့ cd စကန်ဆိုလား mri ဆိုလား ထပ်ရိုက်ကြည့်တော့ ခါးရိုးရဲ့ အဆစ်တွေကြားက ပန်းရောင်ပြားလေး ပြားသွားတာပါတဲ့ ခွဲစရာမလိုပါဘူးတဲ့ လေ့ကျင့်ခန်းပဲလုပ်ပါတယ် အဲ့ဒီက ဆရာဝန်တွေညွန်ကြားတဲ့အတိုင်းလုပ်ဖြစ်ပါတယ် ုဒါပေမယ့်လည်း ခုထိမသက်သေးပဲ ပိုဆိုးလာပါတယ် ခြေထောက်ကတော့ ပုံမှန်လိုဖြစ်နေပေမယ့် ခါးကတော့ ဘယ်လိုမှအဆင်မပြေပါဘူး အလုပ်လည်းလုပ်နေပါတယ် အလုပ်က ကော့ဆန်းဆိုတော့လေ အလေးပင်မရတဲ့အခါတွေရှိပါတယ်ဗျ အဲ့တာလေ ဆရာ ကျနော်ခွဲစိတ်ချင်လို့ဗျ ပိုက်ဆံလည်း အများကြီးမတက်နိုင်ပါဘူး ဆရာရယ် ဆရာတို့ကူညီလို့ရရင် ကူညီပေးပါနော် လေးစားစွာဖြင့်🙏🙏🙏